စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ဆွဲလဲအိုရွာရှိ ဇေဋ္ဌဝါဒီဘုန်းကြီးကျောင်းကို စစ်တပ်က ဒီမနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရားစခန်းမှာရှိနေတဲ့ ယောဂီအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း အရပ်သား ၁၄ ဦးသေဆုံး ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
"ဗုံးကြဲတိုက်ခိုက်မှုကတော့ တော်တော်လေးကို ယုတ်ညံ့လွန်းလို့ စစ်တပ်ဆိုတာ လူတွေလို့တောင်ပြောလို့မရတော့ပါဘူး။ တရားစခန်းမှာ မနက်ပိုင်းတရားပြအပြီးလေးမှာ အမျိုးသားယောဂီဆောင်ပေါ်တည့်တည့်ကြဲချလိုက်လို့ တရားရှုမှတ်နေကြတဲ့ ယောဂီအမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး၃ဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ရပါတယ်" လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM ကကိုနွေဦး(မြောင်)ကပြောပါတယ်။
"ဒဏ်ရာရတွေကတော့ များပါတယ် ပြင်းလဲပြင်းထန်ကြပါတယ်။ တရားပြအပြီး သံဃာတော်တွေပြန်ထွက်သွားချိန်မို့ ကံကောင်းစွာနဲ့ပဲ သံဃာတော်တွေတော့အထိခိုက်မရှိခဲ့ပါဘူး။ အခုလို ဝါတွင်းကာလမှာ ကျနော်တို့အညာမှာတော့ ဉပုဒ်သီလ ဆောက်တည်ကြ၊တရားစခန်းတွေဝင်ကြနဲ့
ကောင်းမှူကုသိုလ်တွေပြုကြတဲ့ကာလပါ ။ ဒီအခြေနေကိုအခွင့်ကောင်းယူပြီး တရားစခန်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ရက်တဲ့ စစ်အာဏာရှင်စနစ်မှာ သာရေး နာရေးတောင် ဘာမှမလုပ်ရဲကြတော့လောက်အောင်ပါပဲဗျာ"လို့ သူကလူမှုကွန်ရက်မှာရေးသားပါတယ်။
ဩဂုတ် ၁၉ ရက် ညကလည်း မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာရှိတဲ့ လှေတင်ဦးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဩဂုတ် ၂၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ စစ်အုပ်စုနဲ့ လက်ပါးစေများကြောင့် သေဆုံးခဲ့တဲ့ ပြည်သူစုစုပေါင်း ၈၃၀၀ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


Comments
Post a Comment