မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မကွေးတိုင်း ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်က မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေပါတယ်။ မနေ့က ရေထွက်ကြီးကနေ ညောင်ရေတည်းရွာကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းဟာဒီနေ့ မနက် (၁၁)နာရီခန့်မှာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို ရောက်ရှိနေတယ်လို့ အညာမြေတပ်ပေါင်းစုက အသိပေးပါတယ်။ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာအတွင်း မွှေနှောက်ခြင်း၊ စီးနင်းခြင်းတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ အနည်းဆုံး ငါးရွာထက်မနည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ် ရေပြာကို ဦးတည်နိုင်ပေမယ့် မြိုင်နယ်ဘက်ကိုလည်း ဦးတည်လာနိုင်တာကြောင့် ပြည်သူတွေ လေကြောင်းနဲ့ မြေပြင်စစ်ကြောင်းရန်ကို အထူးသတိပြုကြဖို့ အညာမြေတပ်ပေါင်းစု ကသတိပေးထားပါတယ်။ ဓာတ်ပုံ - စစ်ဘေးရှောင် (ပုံဟောင်း) - BAGAN NEWS