Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ထားဝယ်ဒေသတွင် တောင်ပြို ရေကြီးမှုကြောင့် ၃၂ ဦးသေဆုံး ၊ ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိ

 တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတွင် တောင်ပြို ရေကြီးမှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့အထိ လူ ၃၂ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီရှိကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် - TNF မှသိရသည်။ 

တောင်ပြိုမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ထားဝယ်ဒေသတစ်ခုလုံးတွင် အဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုစာရင်း ဆက်လက်တိုးလာနိုင်သည်။ ကား၊ ဆိုင်ကယ်နှင့် အခြားသော စက်ယန္တယားများ၊ တိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း TNF ကထုတ်ပြန်သည်။ 

ယမန်နေ့ ၊ စက်တင်ဘာလ  ၂၈ ရက်နေ့ ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ ဒေသအများစုတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ဖြစ်ပြီး အချို့သောဒေသများတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။ 

ရေကြီးရေလျှံမှုများနှင့် တောင်ပြိုခြင်းများကြောင့် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) သည် ရေစီးနှင့်အတူရွေ့လျားနေကာ အချိန်မရွေး ပေါက်ကွဲခြင်းနှင့် ကြုံတွေ့ရနိုင်ကြောင်း TNF ကထုတ်ပြန်သည်။ 

ရေကျပြီးနောက် လမ်းများ၊ ခြံဝင်းများ၊ လယ်ယာမြေများ၊ တောတောင်ဥယျာဉ်ခြံများနှင့် အခြားသောနေရာများတွင် သံထည်ပစ္စည်းများ၊ စစ်လက်နက်ပစ္စည်းများ ၊ သံသယဖြစ်ဖွယ်ပစ္စည်းများကိုတွေ့ရှိပါက  ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း ၊ဖယ်ရှားခြင်းများ မပြုလုပ်ကြရန် အထူးသတိပေးထားသည်။ 

- Bagan News 

Comments