တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ဒေသတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း (၄၀) နီးပါးတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများဖြစ်ပွားနေပြီး လူ (၅) ဦးထက်မနည်းသေဆုံးကာ နေအိမ်ပြိုကျပျက်စီးမှုပေါင်း (၂၀) ထက်မနည်းရှိကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် - TNF ကယနေ့ထုတ်ပြန်သည်။
စက်တင်ဘာလ (၂၄) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထားဝယ်ဒေသတစ်ဝန်း နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများနှင့် တောင်ပြိုမှုများ ဖြစ်ပွားလျက်ရှိသည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေခြင်းနှင့် အခြားအခက်အခဲများကြောင့် အမှန်တကယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပိုမိုများပြားနိုင်ကြောင်း TNF ကထုတ်ပြန်သည်။
တနင်္သာရီကမ်းရိုးတန်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ကြောင့် ယနေ့မွန်းလွဲမှ စက်တင်ဘာ ၃၀ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး၊ဇလဌာနက ယနေ့မွန်းလွဲပိုင်း၌ ထုတ်ပြန်သည်။
ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ - ထားဝယ်လောင်းလုံး နှင့် ညင်းမော်အကြားမြင်ကွင်း။

Comments
Post a Comment