Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သထုံမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး၊ အရပ်သား ၁ ဦး ထိခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ စစ်ကောင်စီ (အမတ-၃၁၄)နှင့် (ခလရ-၈)တပ်ရင်းမှ လက်နက်ကြီး (၉)လုံး ပစ်ခတ်မှုကြောင့်  ကလေး (၂) ဦး၊ အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး များသည် ဒေါင်းရွာ၌ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲပြီး ဒေါင်းရွာနေ ဦးသန်းလွင် (၄၂) နှစ် နှင့် မောင်သန်းမြင့် (၁၄) နှစ်တို့ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဒေါင်းရွာရှိ နွားတစ်ကောင်နှင့် နေအိမ် (၄) လုံး ထိခိုက် ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာနေ စောဝင်းကိုကို (၅) နှစ်မှာ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ရမှုများ။

Bagan News

Comments