Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရခိုင် အမ်းမြို့ ဦးတည်သည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသည့် ပဒါန်း အခြေစိုက် အမြှောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ-၉ဝ၅)မှ ထွက်လာသော အင်အား (၆ဝ) ခန့်ပါ စစ်ကောင်စီ ဖောကား (၂) စီးကို ယနေ့ သြဂုတ်လ ၂၉ ရက်တွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးနိုင်ကြောင်း လူထု တော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) မှ ထုတ်ပြန်သည်။ 

ဌင်းစစ်ကောင်စီ ဖောကား (၂) စီးကို ပဒါန်း-အမ်းလမ်းပိုင်း၊ စပ်စီရွာအထက် မီတာ ၂ဝဝဝ ခန့် အကွာတွင်  PRA-Magway မှ အသင့်စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၂၅) မိနစ်ခန့်ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်သည် ထိတွေ့မှုအတွင်း သေဆုံးဒဏ်ရာရသော စစ်ကောင်စီတပ်သားများအား ဖောကားဖြင့် သယ်ဆောင်၍ ပဒါန်းဘက်သို့ဆင်းလာရာ စပ်စီရွာ၏အထက်ဘက် မီတာ (၁ဝဝဝဝ) ခန့်အကွာသို့ အရောက် တွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါတိုက်ပွဲများအတွင်း ကပစ (၁၄) မှ ဗိုလ်ကြီးမျိုးကျော်သူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးခန့် ထိခိုက် သေဆုံးသည်ဟု မြေပြင်သတင်းများအရ သိရသည်။ 

ဗိုလ်ကြီးမျိုးကျော်သူသည် ငဖဲမြို့ရှိ စစ်မှုထမ်းကိစ္စများနှင့်ပတ်သက် ၍ တာဝန်ယူထားသူဖြစ်ကြောင်း၊ PRA (Magway) သည် ပဒါန်း - အမ်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးများဖော်ဆောင်လျက်ရှိပြီး ဩဂုတ်လ (၉) ရက်နေ့၊ တွင်လည်း ငဖဲမြို့နယ်၊ စွန်ပျော်ရွာအတွင်း မဟာမိတ် ပူးပေါင်းစစ်ကြောင်း နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 

ထို့ပြင် ဩဂုတ်လ (၁၁) ရက်နေ့ တွင်လည်း PRA (Magway) ထုတ် 60mm Rocket/ MH-60R (၁၀) လုံးဖြင့် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းသို့ တိုက်ခိုက်ခဲ့ကြောင်း၊ PRA (Magway) သည် မင်းဘူးခရိုင်အတွင်း အခြေပြုလှုပ်ရှားနေပြီး နိုင်ငံနှင့်အဝှမ်း စစ်နယ်ဝန်းကျယ်ပြန့်လာမှု နှင့် အတူ တပြေးညီ အကောင်အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျှက်ရှိကြောင်းထုတ်ပြန်သည်။

-Bagan News

Comments