Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

Dawei Watch သတင်းသမား နှစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်နှစ် ၂ဝ ချမှတ်

Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမား နှစ်ဦးဖြစ် သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို စစ်ကောင်စီက ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ညသန်းခေါင်အချိန်တွင် ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း Dawei Watch မှယနေ့ထုတ်ပြန်သည်။ 

ယင်းသို့ဖမ်းဆီးပြီးနောက် စစ်ကောင်စီ၏ စစ်ခုံရုံးဖြင့် တိတ်တဆိတ် တရားစီရင်ပြီး ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ အထိ အသီးသီး ချမှတ်လိုက်ကြောင်းသိရသည်။ 

မြိတ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်မဟုတ်သဖြင့် သတင်းသမား များကို ဥပဒေနှင့်အညီ ခုခံကာကွယ်ခွင့် ပေးရမည်ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်ရှိစစ်ခုံရုံးက ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ရသည့် အကြောင်းအရင်းနှင့် ပုဒ်မအသေးစိတ်များကိုလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိသလို မည်သို့သော လုပ်ငန်းစဉ်ဖြင့် တရားစီရင်ခဲ့သည်ကိုလည်း မေးမြန်းခွင့်မရခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

မြိတ်မြို့အခြေစိုက် သတင်းသမား နှစ်ဦးဖြစ် သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ညတွင် နေအိမ်အသီးသီးတွင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လာရောက်ဖမ်းဆီးစဉ်တွင် သတင်းရေးသားမှုကြောင့် ဖမ်းဆီးကြောင်း ပြောဆိုခဲ့သလို လက်ပ်တော့ နှင့်ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်းသိရသည်။

ဌင်းတို့နှစ်ဦးအား စစ်ကြောရေးသို့ပို့ဆောင်ကာ လေးရက်ခန့် ရိုက်နှက်စစ်ဆေးခဲ့ပြီး မြိတ် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ၊၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကိုအောင်ဆန်းဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် မတရား အမှုဆင် စွဲဆိုခဲ့ပြီး ထောင်ဒဏ်နှစ် ၂ဝ ချခဲ့ခြင်းဖြစ်ကြောင်း ၊၂ဝ၂၄ ခုနှစ် (ခန့်မှန်း) မေလ ၁၅ ရက်နေ့တွင် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းချခဲ့ခြင်းဖြစ်ကြောင်း Dawei Watch မှယနေ့ထုတ်ပြန်သည်။ 

စစ်ကောင်စီက သတင်းသမားများကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဥပဒေနှင့် အညီ ခုခံကာကွယ်ချေပခွင့် မပေးဘဲ ထင်သလို ပြစ်ဒဏ်ချမှတ် အရေးယူခြင်း တို့ကို  ပြင်းထန်စွာ ကန့်ကွက်ပြီး သတင်းသမားနှစ်ဦးကို အမြန် ဆုံး ပြန်လွှတ်ပေးရန်လည်း Dawei Watch မီဒီယာက တောင်းဆိုသည်။ 

နယ်စည်းမခြား သတင်းထောက်များ (RSF) အဖွဲ့စာရင်းအရ မြန်မာနိုင်ငံတွင် လက်ရှိ ချိန်ထိ  စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ်များချမှတ်ခံထားရသည့် သတင်းထောက်နှင့် သတင်းမီဒီယာ ဝန်ထမ်း ၆၂ ဦး ရှိနေသည်။

စစ်ကောင်စီတပ်သည် ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် ၊နံနက် (၉) နာရီဝန်းကျင်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ၏ မိသားစုပိုင် နေအိမ်ကို အင်အား ၂ဝ ခန့်ဖြင့် ဝိုင်း၍ စီးနင်းပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကိုထက်မြတ်သူ နှင့် DVB အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦး (ခ) ဖိုင်ဇယ်တို့ အပါအဝင် (၄) ဦး သေဆုံးခဲ့သည်။ 

ဓာတ်ပုံ - Dawei Watch သတင်းသမား နှစ်ဦး။

-Bagan News


Comments