Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ခင်ဦးမြို့နယ် မြောက်ခြမ်း ကျေးရွာခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြောက်ခြမ်း ကျေးရွာများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာခံများ ထွက်ပြေးနေရ ကြောင်း ဒေသခံများမှသိရသည်။ 

သြဂုတ်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၇) နာရီကျော်ခန့်တွင် ခင်ဦးနယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို တံတားဦး လေတပ်မှတက်လာသည့် ဂျက်ဖိုက်တာ (၅)စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ နေ့ခင်းပိုင်းအချိန်၌လည်း  တံတားဦးလေတပ်မှ ထပ်တက်လာသည့် ဂျက်ဖိုက်တာဖြင့်  ထိုရွာတွေဝန်းကျင်များအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း Peoples Defense Comrade အဖွဲ့ကထုတ်ပြန်သည်။ 

သြဂုတ်လ (၃၁) ရက်နေ့ ညနေပိုင်းတွင်လည်း တံတားဦးမှ ထပ်တက်လာသည့်  Y-12 ယာဉ်ဖြင့်  (၁)နာရီခန့်ကြာ ပတ်ဝဲပျံသန်းပြီး ခင်ဦးမြောက်ဘက်ခြမ်းရွာများအား လေကြောင်းတိုက်ခိုက်မှု  ဗုံးသီးအလုံးရေ (၅၀)ထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် ပျုစောထီးခေါင်းဆောင် ဦးဝါသဝ၏ လက်အောက်ခံ မဒေါင်းလှပျူရွာကို တော်လှန်ရေးအင်အားစုများမှ တိုက်ခိုက်နေသည်ကို အကြောင်းပြုပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွား ခြင်းမရှိသည့် ခင်ဦးနယ်အနောက်မြောက်ခြမ်း နှင့် မြောက်ဘက်ခြမ်းရှိကျေးရွာများကို သြဂုတ်လ (၁၈) (၁၉) (၂၆) (၂၉) (၃ဝ) (၃၁) စသည့်နေ့များတွင်  Mi-35 /  Yak-130 ဖိုက်တာ / A-5 Bomber ဖိုက်တာ / Y-12 ယာဉ် များ အသုံးပြုပြီး အရပ်သား ပြည်သူများကို ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်မှုများ ယနေ့အချိန်ထိ  ဆက်တိုက်ကျူးလွန်လျှက်ရှိကြောင်း Peoples Defense Comrade အဖွဲ့ကထုတ်ပြန်သည်။ 

သြဂုတ်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မဒေါင်းကြီး၊ရွှေကာ၊ဆီဆုံလေး အနီးတဝိုက်အား ပစ်ခတ်ခဲ့ကြောင်း၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဗအိုးရွာ အားအကြောင်းမဲ့ပစ်ခတ်သောကြောင့် ပြည်သူ(၁)ဦး‌သေဆုံးကာ(၃)ဦး ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် မုံလှကျေးရွာအား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် စည်ပုတ္တရာ နှင့် သေနပ်စိန်ကျေးရွာ အား အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွား ခြင်းမရှိသည့် ခင်ဦးနယ်အနောက်မြောက်ခြမ်း  ရှိ မဒေါင်းကြီး၊ ရွှေကာ ၊သေနပ်စိန် ၊ဗအိုး၊ စည်ပုတ္တရာ ၊မုံလှ၊ ရှားတော စသည့်ကျေးရွာများအားတိုက်ခိုက်နေပြီး အခြားကျေးရွာများ လည်းတိုက်ခိုက်မှုရှိနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လေကြောင်းက နေ့စဉ်အဆက်မပြတ် တိုက်ခိုက်နေခြင်းကြောင့် အနီးဝန်းကျင်မှ ကျေးရွာပေါင်း (၁၅)ရွာခန့်မှ ပြည်သူသောင်းချီပြီး ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း Peoples Defense Comrade အဖွဲ့ကထုတ်ပြန်သည်။ 

ဓာတ်ပုံ - ခင်ဦးနယ်အတွင်းမှ စစ်ရှောင်ပြည်သူများ (ပုံဟောင်း)

Bagan News

Comments