Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၁ဝ၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်

လပခ အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးပစ်ခတ်ခဲ့ရာ ၇ လုံး အောင်မြင်စွာပစ်ခတ်နိုင်

မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ယနေ့ ၊စက်တင်ဘာလ ၃ ရက်၊ မနက် (၄) နာရီ (၈) မိနစ် အချိန်တွင် ၁ဝ၇ မမ ရှော့ဒုံးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ကထုတ်ပြန်သည်။ 

BWM အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့သည် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ မနက် (၄) နာရီ (၈) မိနစ် အချိန်တွင် မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးပစ်ခတ်ခဲ့ရာ (၇)လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရသည်။ 


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် တော်လှန်ရေးအင်အားစုများဆင်နွှဲနေသော ၁ဝ၂၇ ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးတွင် အာဏာသိမ်းစစ်ရှုံးကောင်စီဘက်မှ တန်ပြန်ခုခံနေသော စစ်စခန်းများကို အဓိက ကွပ်ကဲနေသည့် အရေးပါ သော စစ်တိုင်းဌာနချုပ် (၂)ခုထဲမှတစ်ခုဖြစ်သည်။ 

ယခုအခါ MNDAA တော်လှန်ရေး အင်အားစုများက အဆိုပါ စစ်တိုင်းကွပ်ကဲရေး ဌာနချုပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ဖြိုခွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။ 

BWM အဖွဲ့နှင့် မဟာမိတ်အဖွဲ့များကလည်း တော်လှန်ရေးအင်အားစုများ၏ ၁ဝ၂၇ ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးကို ပူးပေါင်းပါဝင်ကူညီသည့် အနေဖြင့်ကျန်ရှိနေသေးသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြိုလဲရန် ၁ဝ၇ မမ ရှော့တိုက်ဒုံး များဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း BWM ကထုတ်ပြန်သည်။ 

BWM နှင့်မဟာမိတ်အဖွဲ့များသည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂ဝ၂၃  ဒီဇင်ဘာကလည်း ပထမ အကြိမ် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယ အကြိမ်မြောက် တိုက်ခိုက်သော မစ်ရှင်ဖြစ်ကြောင်း၊ BWM အဖွဲ့သည် စစ်ကောင်စီ၏ လေတပ်နှင့် အခြားအရေးကြီးသည့် စစ်ရေးပစ်မှတ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံတဝန်းတော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီစွာတိုက်ပွဲ ဝင်လျက်ရှိကြောင်း ထုတ်ပြန်သည်။

BWM အဖွဲ့ သည် ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်များနှင့်ပူးပေါင်း၍  အေလာလေတပ်စခန်း ကို ၂ ကြိမ်၊ တောင်ငူ လေတပ်စခန်းကို ၃ ကြိမ်၊ တံတားဦး လေတပ်စခန်းကို ၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး  စစ်ရှုံး ကောင်စီပြိုလဲသည်အထိ အရှိန်အဟုန်မြှင့်၍တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ယနေ့ ပစ်ခတ်မှုကြောင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင်း ထိခိုက်မှုများအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း BWM အဖွဲ့ ကထုတ်ပြန်သည်။ 

Bagan News


Comments