Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၁)ဦး သေဆုံးပြီး အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 


ပြီးခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၂)နှစ်ရှိ ဒေါ်စိန်ပွင့်ဆိုသူ နှလုံးတည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ (၁) ရက်နေ့၊ ညနေ(၅)နာရီခွဲခန့်အချိန်တွင်လည်း စစ်ကောင်စီတပ် ခလရ(၂၃)တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကုံးစုံ(လီဆူ)ရွာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ်ရှိ ကိုကျော်မြင့်ဆိုသူ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာတိုတွင် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

သီပေါမြို့တွင် ဩဂုတ်လ (၁)ရက်နေ့မှ ယခု စက်တင်ဘာ (၂)ရက်နေ့ထိ စစ်ကောင်စီမှ အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၂၂ ဦး သေဆုံးခဲ့ပြီး ၆ဝ ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း  TNLA မှထုတ်ပြန်သည်။

Bagan News



 

Comments