Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

လူထုလှုပ်ရှားမှု ရက်သတ္တပတ် ဆွေးနွေးပွဲများ မြေပြင်လှုပ်ရှားမှုများ ပြုလုပ်မည်

လူထုလှုပ်ရှားမှု ရက်သတ္တပတ်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း လူထုသပိတ်တိုင်ပွဲ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတေဇာစန်းက အသိပေးပြောကြားသည်။ 

လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးပွဲခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အကောင်အထည် ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“လူထုလှုပ်ရှားမှု ရက်သတ္တပတ်" လှုပ်ရှားမှုအတွင်းလူထုလှုပ်ရှားမှု သမိုင်းတလျှောက် ပြောင်းလဲခဲ့သည့် မဟာဗျူဟာနှင့် နည်းပညာ၊ နွေဦးတော်လှန်ရေး၏ လူထုလှုပ်ရှားမှုကဏ္ဍကို ဆန်းစစ်ခြင်း၊ နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ချိတ် ဆက် လှုပ်ရှားမှု နှင့် ပံ့ပိုးကူညီမှု၊ နွေဦးတော်လှန်ရေးနှင့် ဂျန်ဒါတန်းတူရေး၊မြေပြင်လူထု လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး၊ စစ်ရေးချိတ်ဆက် ဖော်ဆောင်မှုအကြောင်းအရာများအား ကဏ္ဍတစ်ခုချင်းစီအလိုက် Webinar ဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တော်လှန်သော မျိုးဆက်အသီးသီး၏ အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုင်ရာ ဆွေးနွေးမှုများကိုလည်း နိုင်ငံ့လူထုကိုယ်တိုင် ဝင်ရောက် နားဆင်နိုင်သော စကားဝိုင်းဆွေးနွေးမှု ပုံစံဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက် နားဆင်နိုင်ရန် ခက်ခဲသူများအတွက်လည်း PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာမျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဓာတ်ပုံ - အရာတော်၊ မြင်းမူမြို့နယ် လူထုသပိတ်တိုက်ပွဲ ရဲဘော်များနဲ့ ဒေသခံပြည်သူများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြတဲ့ လူထုဟောပြောပွဲနှင့် တော်လှန်ရုပ်ရှင်ပြပွဲ မြင်ကွင်း။

Comments