Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်အုပ်စုမှ ဖမ်းဆီးပြီးနောက် အကျဉ်းထောင်များတွင် သေဆုံးသူ ၁ဝ၈ ဦးရှိ

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၁ဝဝ) ဦး၊ စုစုပေါင်း (၁၀၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရသိရသည်။ 

၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဦးစိန်လင်း (ခ) အငယ်လေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၂ (က)၊ ၅၁ (ဂ) ဖြင့်ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ 

Photo - ICRC (ပုံဟောင်း)

၎င်းသည် အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရစဉ် လုံလောက်သော ဆေးဝါးကုသမှုမရခဲ့သဖြင့် အသည်းရောဂါဖြင့် သွေးအန်သည်အထိခံစားခဲ့ရပြီး ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် အိုးဘို (မန္တလေး) အကျဉ်းထောင်မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပြီးနောက် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် သေဆုံးခဲ့သည်။ 

ဦးစိန်လင်း (ခ) အငယ်လေးသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၂ဝ နှစ်နှင့် ၁၉၉၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကာလတွင်လည်း ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

၎င်းသည် ၂ဝ၂ဝ ခုနှစ်  အထွေထွေရွေးကောက်ပွဲ၌  ပြည်သူ့ပါတီကို ကိုယ်စားပြု၍ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည်။

AAPP ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၁၄၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

Bagan News




Comments