Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အုပ်စုမှ ဖမ်းဆီးပြီးနောက် အကျဉ်းထောင်များတွင် သေဆုံးသူ ၁ဝ၈ ဦးရှိ

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၁ဝဝ) ဦး၊ စုစုပေါင်း (၁၀၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ယူထားသော သတင်းအချက်အလက်များအရသိရသည်။ 

၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဦးစိန်လင်း (ခ) အငယ်လေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၂ (က)၊ ၅၁ (ဂ) ဖြင့်ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ 

Photo - ICRC (ပုံဟောင်း)

၎င်းသည် အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရစဉ် လုံလောက်သော ဆေးဝါးကုသမှုမရခဲ့သဖြင့် အသည်းရောဂါဖြင့် သွေးအန်သည်အထိခံစားခဲ့ရပြီး ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် အိုးဘို (မန္တလေး) အကျဉ်းထောင်မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပြီးနောက် ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် သေဆုံးခဲ့သည်။ 

ဦးစိန်လင်း (ခ) အငယ်လေးသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၂ဝ နှစ်နှင့် ၁၉၉၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကာလတွင်လည်း ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ 

၎င်းသည် ၂ဝ၂ဝ ခုနှစ်  အထွေထွေရွေးကောက်ပွဲ၌  ပြည်သူ့ပါတီကို ကိုယ်စားပြု၍ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည်။

AAPP ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၁၄၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

Bagan News




Comments