Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နွေဦးတော်လှန်ရေးအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၆ဝဝဝ ဦးရှိလာ

၂ဝ၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာလ ၂၉ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၆ဝဝဝ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှထုတ်ပြန်သည်။ 

အေအေပီပီ စာရင်းအရ အာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇၇၄၁ ဦးရှိပြီး ထိုအထဲမှ ၂၁၁၇၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉၅၄၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဓာတ်ပုံ - နိုဝင်ဘာလ ၂၃ ရက်နေ့၌ စစ်ကောင်စီလေကြောင်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်တွင် ထိခိုက်ပျက်စီးမှုမြင်ကွင်း။  (Photo - TNLA) 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၃၁) ဦးနှင့် အမျိုးသား (၄၄) ဦး စုစုပေါင်း (၇၅) ဦး သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်မှာ (၂၁) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်ကြောင်းအေအေပီပီ မှထုတ်ပြန်သည်။ 

၎င်း (၇၅) ဦးအနက် စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ (၄၁) ဦးဖြင့် အများဆုံးဖြစ်သည်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း၌ စစ်အုပ်စုက အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂၅) ဦး စုစုပေါင်း (၂၇) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ (၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း အေအေပီပီ မှထုတ်ပြန်သည်။ 

Bagan News Agency 


Comments