Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နောင်ချိုတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ဈေးရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

နိုဝင်ဘာလ ၂၂ ရက် ညသန်းခေါင် အချိန်တွင် စစ်ကောင်စီတပ်က  ဂျက်ဖိုက်တာဖြင့် ပေါင် (၃ဝဝ) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံးထိခိုက်ပျက်စီးခဲ့သည်။ 

Photo - နောင်ချိုမြို့ ဈေးရပ်ကွက်အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

စစ်ကောင်စီ၏ ဗုံးစထိမှန်ဒဏ်ရာရရှိသူများကို ဆေးရုံသိုပိုဆောင် ဆေးဝါးကုသပေးနေကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ ညအချိန်တွင်လည်း ဆင်းရွှေလီသကြားစက်ရုံကို  စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့်  ဒေသခံ (၁)ဦး ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေးသည်။

BAGAN NEWS

 

Comments