Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သခင်ဘဟိန်း အာဇာနည်ဗိမာန်တွင် လူထုလှုပ်ရှားမှုပြုလုပ်

မန္တလေးမြို့ရှိ သခင်ဘဟိန်း အာဇာနည်ဗိမာန်တွင် ယနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့၌ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနှင့်အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှသိရသည်။ 

သခင်ဘဟိန်း သည် ကျောင်းသားခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်း၏ အယုံကြည်ဆုံး လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည်။

❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ဟုပြောကြားခဲ့သည့် သခင်ဘဟိန်း၏ စကားသည် သမိုင်းဝင်ခဲ့သည့် စကားဖြစ်သည်။ 


ယနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် သခင်ဘဟိန်း ကျဆုံးခဲ့သည့် (၇၈) နှစ်ပြည့်ပြီဖြစ်ပြီး မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးကြမ်းကို အဆုံးထိ ဆက်လက်ချီတက်ကြရန်နှင့် ဖက်ဆစ်အာဏာရူးကို “ငုံ့မခံဘဲ” နည်းလမ်းအစုံအလင်နှင့် “တုံ့ပြန်” တိုက်ပွဲဝင်ကြရန်အတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

"ကိုယ်တို့ရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်ရဲ့မိဘဖြစ်တဲ့ လူထုရဲ့အကျိုးကို အမြဲတမ်း စောင့်သိရိုသေရမယ်။ အချိန်ရှိသရွေ့ ပြည်သူလူထုအကျိုးရှိစေဖို့ကို စဉ်းစားတွေးခေါ်ရမယ်။ လုပ်သမျှလုပ်ငန်းတိုင်းဟာ ပြည်သူလူထုအတွက်သာ ဖြစ်စေရမယ်။ ပြည်သူလူထုကလွဲလို့ ကိုယ်တို့မှာ ကြည့်စရာ မြင်စရာ ဘာမှမရှိဘူး" ဟု ပြောခဲ့သည့် ရဲဘော် သခင်ဘဟိန်းကို ယခုလှုပ်ရှားမှုနှင့်အတူ အလေးနက်ဆုံး ဦးညွှတ်ကြောင်း GSCB မှထုတ်ပြန်သည်။ 

Photo - GSCB

Bagan News 

Comments