Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဖာပွန်ခရိုင် မာထော တပ်စခန်းအား K.N.L.A နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မာထော တပ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း စစ်ကောင်စီတပ်၏ စကခ(၈) လက်အောက်ခံ ခမရ-၄ဝ၇၊ ခမရ-၄ဝ၈နှင့် ခမရ-၄ဝ၄ တပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မာထောတပ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)တပ်မဟာ (၅) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် နံနက် (ဝ၇:၄၈) မိနစ်အချိန်ခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြှောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ မာထောစခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲ ယမ်းများ။ (Photo - KNU)

တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်း စာရင်းအပြည့် အစုံကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ−ဗဟိုက ယမန်နေ့တွင်ထုတ်ပြန်သည်။ 

ကရင်ပြည်နယ် နယ်မြေ အများစုတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်၏ မစခ−၆ဝ၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ စွယ်တော်ကုန်း အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့ မနက် (၄:၃၀) အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

BAGAN NEWS


Comments