Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

NUG အစိုးရအဖွဲ့ဝင်တွေအားလုံး ပြည်တွင်းမှာ လာစုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြော

နွေဦးတော်လှန်ရေးကာလသည် ၄ နှစ်ပြည့်ကာလရောက်ရှိနေပြီး “အဝေးရောက်အစိုးရ”မဖြစ်စေရန်အတွက် NUG အစိုးရအဖွဲ့ဝင်တွေအားလုံး  ပြည်တွင်းမှာ လာစုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ယနေ့ အွန်လိုင်းကတဆင့်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ /၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးတွင်ပြောကြားခြင်းဖြစ်သည်။ 

ဓာတ်ပုံ - ယာယီသမ္မတ ဒူဝါလရှီးလအား စစ်မြေပြင်တနေရာတွင် တွေ့ရစဉ်။

"ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ - ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံး - အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို့ လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

နွေဦးတော်လှန်ရေးသည် လွတ်လပ်ပြီးခေတ်နောက်ပိုင်း အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေး ဖြစ်ခြင်းကြာင့် ယခင်တုန်းက လုပ်ရိုးလုပ်စဉ်တွေအတိုင်း သွားလို့ မရတော့ကြောင်း ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုး၏ ၂၈/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းကပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

Bagan News Agency


Comments