Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ပြော

နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်းတပ်မတော် TNLA ကယနေ့သတင်းထုတ်ပြန်သည်။ 

မြန်မာစစ်တပ်၏ လေကြောင်း စစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံများ၏ အကျိုးကို ငဲ့ညှာထောက်ထားသောကြောင့်  တွေ့ဆုံဆွေးနွေးမည်ဟု TNLA ကဆိုသည်။ 

Photo - TNLA /၂ဝ၂၄ ခုနှစ် မေလတွင်းပြုလုပ်ခဲ့သည့် ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဉ် (၆၅) ဆင်းပွဲ။ 

နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသည်ဟုလည်း TNLA ကထုတ်ပြန်သည်။ 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို အမြဲပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်းဖော်ပြသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စတင်ခဲ့သည့် ၁ဝ၂၇ စစ်ဆင်ရေးသည် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် တနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ 

စစ်ကောင်စီတပ်မှ ပြည်သူလူထုတို့အား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထုတို့ စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရကြောင်း TNLA ကထုတ်ပြန်သည်။ 

စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာပြီး  ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိ သည်ဟု TNLA ကသဘောထားထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့သည့် ၁ဝ၂၇ စစ်ဆင်ရေးသည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင် သဘောတူညီချက်ဖြင့် တိုက်ပွဲများ ရပ်တန့်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်မှ တဖက်သတ် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ၁ဝ၂၇ စစ်ဆင်ရေးအပိုင်း(၂)အား ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်တွင် ပြန်လည်စတင်ခဲ့သည်။

၁ဝ၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များကို ထပ်မံသိမ်းပိုက်ထားသည်။

Bagan News Agency 


Comments