Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ရေးလိုအပ်ချက်အရ နတ်မြစ်အတွင်း ခရီးမသွားဖို့ AA ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ် ရခိုင်(အာရက္ခ)နယ်စပ်၊ နတ်မြစ်တစ်လျှောက်တွင် စစ်ရေးလိုအပ်ချက်အရ ရေကြောင်းခရီးသွားလာမှုများအား အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

မောင်တောမြို့၏ နောက်ဆုံးတစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၉) နာရီ (၃၀) မိနစ်အချိန်တွင် AA က အပြီးသတ် သိမ်းပိုက်ခဲ့သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း တိုက်ခိုက်နေကြသည့် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော RSO ARSA ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့မှာ လက်နက်များဖြင့် ထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည်ဟု AA ကထုတ်ပြန်သည်။

ဓာတ်ပုံ - နတ်မြစ် (ရခိုင်ဘက်အခြမ်း ရေပိုင်နက်) (ပုံဟောင်း)

ထို့ကြောင့် နခခ (၅) အနီးအနားသာမက မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ နခခ (၅) မှထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့်  စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသော RSO ၊ ARSA ၊ ARA နှင့် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည် ဘင်္ဂလားဒေ့ရှ် အာရက္ခနယ်စပ်၊ နတ်မြစ်တစ်လျှောက်၌ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြကြောင်း သိရသည်။

စစ်ရေးလိုအပ်ချက်နှင့် ပြည်သူ့လုံခြုံရေးအတွက် နတ်မြစ် (အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုများကို ဒီဇင်ဘာလ (၈) ရက်နေ့၊ ညနေ (၃) နာရီခွဲ အချိန်မှစ၍ အချိန် ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

Bagan News 


Comments