Skip to main content

Latest News

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။  မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News 

မင်းတပ်မြို့ ခလရ ၂၇၄ တွင် ချင်းပြည်နယ် အလံလွင့်တင်

 ချင်းပြည်နယ်  မင်းတပ်မြို့ကိုသိမ်းပိုက်ထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဓာတ်ပုံအားဖြုတ်ချခဲ့ပြီး အလံတိုင်တွင်လည်း ချင်းပြည်နယ်အလံကို လွင့်တင်ခဲ့သည်။ 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စစ်ဦးစီးချုပ်မှ မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဓာတ်ပုံအားဖြုတ်ချခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)  ၏ဒုတိယ စစ်ဦးစီးချုပ် မှ ခလရ ၂၇၄ တွင် ချင်းပြည်နယ်အလံကို လွင့်တင်ခဲ့ကြောင်း Chin Defence Force - Mindat မှယနေ့ထုတ်ပြန်သည်။


ချင်းပြည်နယ် ၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးအား ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့်  မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA) ι မုံရွာခရိုင်တပ်ရင်း(၃) တို့မှ တိုက်ခိုက် သိမ်းပိုက် ရယူခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီးစစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်း အောင်မြင်စွာကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်များကပြောကြားသည်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) တွင်ပါဝင်သည့် ပူးပေါင်းတပ်များသည် ကန်ပက်လက်မြို့ကိုလည်း ဒီဇင်ဘာလ ၂၂ နံနက်တွင် သိမ်းပိုက်ခဲ့သည်။

Bagan News 


Comments