Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဖာပွန်ခရိုင် ဆင်စွယ် တောင်သုံးလုံး စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည့် ‌အဆိုပါ တပ်စခန်းများမှာ စစ်ရေးဗျူဟာအရ အရေးပါသည့် တပ်စခန်းများဖြစ်ပြီး ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသည့် တပ်စခန်းများလည်းဖြစ်သည်။


စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် FFD (ဒရုန်းတပ်ဖွဲ့) တို့က ပူးပေါင်းပြီး ဒီဇင်ဘာလ (၇)ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြသည်။


အလားတူ ဖာပွန်ခရိုင်အတွင်းရှိ တောင်သုံးလုံးတပ်စခန်းကိုလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့်မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်ထပ်မံ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများမှ (120)mm ၊ (81)mm လက်နက်ကြီးများ အပါအဝင် ခဲယမ်းအမြောက်အများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်းသိရသည်။

Photo - တောင်ပိုင်းစစ်ဒေသ၊ အမှတ် -၂ စစ်ဒေသခွဲ။

Bagan News 

Comments