Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင် ၁၂၃ ဦး လက်နက်ချ အညံ့ခံ

ချင်းပြည်နယ်  မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား (၁၂၃) ဦး သည်၎င်းတို့၏မိသားစုဝင်များနှင့်အတူ ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ကြကြောင်း Chin Brotherhood ချင်းညီနောင်တပ်ဖွဲ့ မှထုတ်ပြန်သည်။ 

ချင်းညီနောင်တပ်ဖွဲ့သည် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းကာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့မှစ၍ မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်သည်။ 

ဓါတ်ပုံ- Chin Brotherhood

စစ်ကောင်စီ၏ အဆက်မပြတ် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြားမှ မြို့ပေါ်ရှိ စစ်ကောင်စီအခြေချစခန်းများကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်ဖွဲ့ကပြောသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေသည့် မင်းတပ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်း နှင့် ခလရ (၂၇၄)တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။


ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်း နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၄၅)ဦးသည် လက်နက်ခဲယမ်းများ နှင့်အတူ ၂ဝ၂၄ခုနှစ်နိုဝင်ဘာလ (၁၂) ရက်နေ့တွင် လက်နက်ချ အညံ့ခံခဲ့ကြကြောင်းသိရသည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို အပြီးသတ်သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့ မှထုတ်ပြန်သည်။ 

Bagan News 






Comments