Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး ၄၁ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်တွင်  စစ်ကောင်စီလေတပ်မှဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှင့်အမျိုးသမီးများအပါ အနည်းဆုံး ၄၁ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ ကနဦး ထုတ်ပြန်သည်။

ကျောက်နီမော်ကျေးရွာသည် ဖုန်းလိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်း၊မြောက်ပိုင်းနှင့်အလယ်ပိုင်းရပ်ကွက်မှ လူနေအိမ် ၅ဝဝ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဓာတ်ပုံ- ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု မြင်ကွင်း။

ကျောက်နီမော်ကျေးရွာအား စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်ကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရသူခိုင်သုခက မီဒီယာများကို ယနေ့ပြောကြားသည်။ 

ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့ ၊တောင်ကုတ်မြို့၊အမ်းမြို့၊ဂွမြို့ နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

Bagan News 





Comments