Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကချင်ပြည်နယ်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၈ ဦး သေဆုံး

 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကချင်ပြည်နယ်၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၉) ဦး၊ အမျိုးသား (၉) ဦး စုစုပေါင်း (၁၈) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ သေဆုံးသူများသည် စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် “ဝေဆာမနောမြေ” တစ်သျှူးငှက်ပျောကုမ္ပဏီ ခြံအတွင်းရှိ ကိုထိန်ထိန်လင်းအား ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း အေအေပီပီမှ ထုတ်ပြန်သည်။

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ယနေ့ ဇန်နဝါရီလ၂၄ ရက်၌ တိုက်ပွဲများပြင်းထန်နေပြီး လေယာဉ်ကွင်းအနီးရှိ စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ကြောင်း ကချင်းသတင်းရင်းမြစ်များတွင်ဖော်ပြသည်။

ဗန်းမော်မြို့ သံချပ်ကာတပ်ရင်းမှ တင့်ကား ၄ စီးကိုရရှိခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦး ကိုဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုစတင်ချိန်မှ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်နေ့ အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၀၃) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကထုတ်ပြန်သည်။

Photo - CJ/FB
ဗန်းမော်မြို့အား စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။



Comments