Skip to main content

Latest News

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။  မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News 

မြန်မာနိုင်ငံတွင် သတင်းမီဒီယာသမား ၄၃ ဦး အကျဉ်းကျခံနေရ

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှယနေ့ထုတ်ပြန်သည်။ 

အကျဉ်းချခံထားရဆဲ  သတင်းမီဒီယာသမားများတွင်   ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော သတင်းမီဒီယာသမား (၁၁) ဦး ပါဝင်သည်။  

ထိုသူများသည် အမြင့်ဆုံးပြစ်ဒဏ် ထောင်တသက်နှင့်   အနိမ့်ဆုံးပြစ်ဒဏ်   ထောင် (၁ဝ) နှစ် ကျခံထားရသူများ ဖြစ်သည်။    

ယင်းတို့အနက် ကျန်ရှိသူများသည် အနည်းဆုံးထောင်ဒဏ် (၃)နှစ်မှ (၁၀)နှစ်အတွင်း ပြစ်ဒဏ်ကျခံနေကြရကြောင်း  IPCM ကထုတ်ပြန်သည်။ 

ဓာတ်ပုံ - ၂ဝ၂၁ ခုနှစ် ဖေဖောဝါရီလ စစ်တပ်အာဏာသိမ်းကာလ ရန်ကုန်မြို့မြင်ကွင်း။ (Photo - Reuters)
ဌင်းပြင် စစ်ကောင်စီ၏  ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော  သတင်းမီဒီယာသမား များလည်း ၂၀၂၁-ခုနှစ်၊ ဖေဖေါ်ဝါရီလမှ  ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလထိ စုစုပေါင်း(၇)ဦး ရှိခဲ့သည်။ 

ထိုသူများ သည် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများဖြစ်ကြောင်းသိရသည်။

၂ဝ၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ  ၂ဝ၂၅-ခုနှစ်၊  ဇန်နဝါရီလအတွင်း သတင်းမီဒီယာသမား (၂ဝဝ)ကျော် ကို စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅-က၊ ၅ဝ၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊   ပို့ကုန်သွင်းကုန် ဥပဒေ၊  ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊     သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့်   အကြမ်းဖက်မှုတိုက်ဖျက်ရေး  ဥပဒေပုဒ်မများ  အစရှိသည့် ရာဇဝတ်မှုများဖြင့်အရေးယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင်  စစ်ကောင်စီသည်  သတင်းမီဒီယာလုပ်ငန်း  (၁၅)ခု၏ လုပ်ငန်းလိုင်စင်များကို ရုပ်သိမ်းခဲ့ပြီး သတင်းမီဒီယာနှင့် ဆက်စပ်နေသော မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့သည်။ 

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးဆုံးသတင်းလွတ်လပ်ခွင့်ထိပါးဖိနှိပ်ခံရသော  ထိပ်တန်းနိုင်ငံများစာရင်းတွင်ပါဝင်နေသည် အထိ အန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း  IPCM ကထုတ်ပြန်သည်။  သတင်းမီဒီယာ သမားများ   ဖမ်းဆီးထောင်ချခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများ အတွက် တာဝန်ခံမှုရှိစေရန် လိုအပ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကတောင်းဆိုထားသည်။

Bagan News 

Comments