Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီမှ ပေါ်တာဆွဲဖမ်းဆီး

 စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်မှ အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ဇီးကုန်းမြို့ပေါ်ရပ်ကွက်များ၊နဂါးပေါ်ရွာနှင် ပုပ္ပါးရွာတို့မှ ပြည်သူ ၁ဝဝ ခန့်အား စစ်ကောင်စီတပ်ဖွဲ့၊ပျူနှင့် ကန့်ဘလူမြို့နယ် ရဲမှူးအပါအဝင် ရဲများမှ အင်အားအလုံးအရင်းဖြင့် အဓမ္မ ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ 
ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်တွင် ကန့်ဘလူမြို့မှ  မြို့နယ်ရဲမှူးအပါအဝင် ယူနီ‌ဖောင်းအစုံအင်အားအပြည့်ဖြင့်   ရဲကား ၃ စီးသည် ဇီးကုန်းမြို့သို့ရောက်ရှိခဲ့ပြီး၊ စစ်ကောင်စီတပ်၊ပျူစောထီးများနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များအား အဓမ္မလိုက်လံ ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်၊ပျူနှင့်ရဲပူးပေါင်းအဖွဲ့သည် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာအတွင်းသို ကားများဖြင့်ဝင်ရောက်ခဲ့ပြီး ပြည်သူများအား အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ဇီးကုန်းသကြားစက်သို့ ကား ၄ စီးဖြင့် ခေါ်ဆောင်သွားကြောင်းသိရသည်။

“သားသမီးပါသွားတဲ့ မိဘတွေတော့ အရူးတပိုင်းဖြစ်နေတယ်၊ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊မတတ်နိုင်တဲ့သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” ဟု ဒေသခံတဦးက ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးခံရသူများအား ဇီးကုန်းသကြားစက်သို့ခေါ်ဆောင်သွားပြီး နောက် ကန့်ဘလူ ၆ဝဝ၆ တပ်သို့ပို့ဆောင်နိုင်ကြောင်း ဒေသခံများကခန့်မှန်းသည်။ 

ကန့်ဘလူမြို့နယ် အတွင်းတွင် ပျူခေါင်းဆောင်ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများမှဦးဆောင်ကာ စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် အားတက်သရောလုပ်ဆောင်ခဲ့ကြကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။ 

Bagan News 


Comments