Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

KNU နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ဝဝဝ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများတွင်၂ဝ၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံးခဲ့ပြီး (၂၂၂၅) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ် ပြန်သည်။ 

ထုတ်ပြန်ချက်အရ ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း ဝင်ရောက်ကျူး ကျော် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ် ထပ်မနည်း ဖြစ်ပွားခဲ့ သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့များထံမှ အရာရှိ အရာခံများအပါအဝင် တပ်သား (၃၁၃၆) ဦး ထပ်မနည်း သေဆုံးခဲ့ပြီး (၂၂၂၅) ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ရာနှင့်ချီသော ဗျူဟာမှူး အဆင့်မှ အောက်ခြေတပ်သားအဆင့်တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုကထုတ်ပြန်သည်။ 

ထိုတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ  ရဲဘော် (၁ဝဝ) ဦးခန့် ကျဆုံးခဲ့ပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှသိရသည်။

Bagan News 


 

Comments