Skip to main content

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။  

အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။ 


ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 


အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ 

အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်။ 

အောက်တိုဘာ ၂၅ ရက်က ဇီးကုန်းရွာက အမျိုးသား (၉) ဦးနဲ့ အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၁၈) ဦးကို ဖမ်းဆီးသွားပြီး ဒီနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ 

အောက်တိုဘာ ၁၄ ရက်က စံပါယ်နံ့သာ စစ်တပ်ဂိတ်မှာ အရာတော်-တနိုင်းပြေးဆွဲတဲ့ အန်စာတုံးအဖြူရောင်ကားပေါ်ပါလာတဲ့ ဒီပဲယင်းမြို့နယ်၊ သက္ကယ်ခြံရွာက အမျိုးသား (၉) ဦး ၊ အောက်တိုဘာ ၁၅ ရက်မှာ ခင်ဦးမြို့နယ်က ခရီးသွား အမျိုးသား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်လာတာ မရှိဘူးလို့သိရပါတယ်။ 

အောက်တိုဘာ ၁၆ ရက်ကလည်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာက တန့်ဆည်ဘက်ကို ကထိန်ခင်းဖို့ သွားတဲ့ မအေးမာဦးနဲ့ ခင်ပွန်းဖြစ်သူကို စံပါယ်နံ့သာ စစ်တပ်ဂိတ်က ဖမ်းဆီးခဲ့ပါတယ်။ အဖိုးတန် ရွှေထည်တွေ လုယူတဲ့အပြင် မအေးမာဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက ညှင်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စံပါယ်နံ့သာဂိတ်က အောက်တိုဘာ ၁၇ ရက်မှာ ခရီးသွားကားပေါ်က အမျိုးသား (၃) ဦး ထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

“စံပါယ်နံ့သာရွာက ပျုခေါင်းဆောင် ထွန်းမြင့်သိန်းဦးဆောင်ပြီး တအားဇောင်းကြွနေတာ၊ အဲဒီလမ်းက ဖြစ်နိုင်ရင် မသွားသင့်ဘူး။ အဓိက အဲဒီဂိတ်ကို မဖြတ်သင့်ဘူးပေါ့၊ ဒါ‌‌တွေက ကျွန်တော်တို့သိတဲ့ စာရင်းပဲရှိတာ၊ မသိတာတောင် ဘယ်လောက်ရှိမလဲ မသိဘူးလေ။‌ မိန်းက‌လေး‌‌တွေဆို ဖမ်းပြီး အဓမ္မပြုကျင့်တယ်၊ သတ်ပစ်တယ်” လို့ဒေသခံတဦးက ပြောပါတယ်။ 

အောက်တိုဘာ ၇ ရက်က ကန့်ဘလူမြို့နယ်၊ အေးသာယာရွာက အမျိုးသမီးနှစ်ဦးလည်း  စံပယ်နံ့သာ ဂိတ်မှာ ပျောက်ဆုံးခဲ့ပြီး ဒီနေ့အထိ ပြန်လည်မတွေ့သေးဘူးလို့သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်က ကောလင်းမြို့နယ်၊‌ ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦး စံပါယ်နံ့သာပျူအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။နောက်တစ်ဦးကတော့ ဦးဇင်းတစ်ပါး အကူအညီနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ 

“စံပါယ်နံ့သာဂိတ်ပဲ မဟုတ်ဘူးနော်၊ ဘူးကုန်းဂိတ်ကပျူတွေကလည်း မိန်းကလေးတွေဆို ရိသဲ့သဲ့ တအားလုပ်တာ။ ထမင်းချက်ခေါ်ထားလိုက်ရမလား ဘာညာတွေ ပြောတာ၊ ကြောက်စရာကောင်းတာ။ ကျန်းမာ‌ရေးအရေးပေါ်ကလွဲရင် ခရီးမသွားတာ အကောင်းဆုံးပဲ"လို့ ဒေသခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။ 

အောက်တိုဘာ ၂၄ ရက်က စံပါယ်နံ့သာစစ်တပ်ဂိတ်မှာ  ဖမ်းဆီးခံထားရတဲ့ အမျိုးသား (၁၀) ဦးကို ကန့်ဘလူကို ကားနဲ့ ပို့ဆောင်စဉ် (၁၀) ဦးစလုံး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးနှင့် ပြည်သူ့စစ်များ။(ပုံဟောင်း)

- Bagan News 

Comments