Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ပေါက်မြို့နယ်မှာ စစ်တပ်ကြောင့် ပြည်သူ ၁၆ ယောက်သေဆုံး

 မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ဒေသခံ ပျူစောထီးတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးဌာနကထုတ်ပြန်ပါတယ်။ 

စစ်တပ်နဲ့ ပျူစောထီးတွေဟာ စစ်ကြောင်းထိုး ၊မီးရှို့ ၊ဖမ်းဆီး၊ လူသတ် အဓမ္မပြုကျင့်တာတွေအပြင် အများပြည်သူ အသွားအလာများတဲ့နေရာတွေနဲ့ ဗုံးခိုကျင်းနေရာတွေကို မိုင်းထောင်ခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင် လေကြောင်းကနေ လက်နက်ကြီးနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ပြည်သူအများအပြား သေဆုံး ထိခိုက်ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။ 

ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း အဓမ္မပြုကျင့် ဖမ်းဆီသတ်ဖြတ်ခံရတာကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့ပြီး ၁၉ ယောက်ထိခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးခံရတဲ့သူ ၃၆ ယောက်ရှိပြီး ၂၁ ယောက်ပြန်လွှတ်ခဲ့သလို ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူ ၅ ယောက်ရှိတယ်လို့ သိရပါတယ်။ 

စစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာ ၁၀ ရွာရှိပြီး အိမ်ခြေ ၈၅ လုံးနဲ့ တဲအိမ် ၃၀ ဆုံးရှုံး ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ပေါက်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာကို နိုဝင်ဘာလ ၂၄ ရက်က စစ်တပ်ကမီးရှို့ခဲ့တဲ့မြက်ကွင်း။

- Bagan News 


Comments