Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

အထူးတိုင်းစစ်ဌာနတွင် တပ်ရင်းသစ် ၃ ရင်း ထပ်တိုး ဖွဲ့စည်း

 ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေအောက်ရှိ အထူးတိုင်းစစ်ဌာနတွင် တပ်ရင်းသစ် ၃ ရင်းထပ်မံဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာနကထုတ်ပြန်သည်။ 

၎င်းတို့မှာ အမှတ် (၈၀၀၂) တပ်ရင်း - KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနှင့် အမှတ် (၉၉၂၅) တပ်ရင်း - RANGOON WARRIORS PDF တပ်ရင်း(၃)ရင်းတို့ကို ထပ်တိုး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အထူးတိုင်းစစ်ဌာနအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းချိန်တွင် တိုင်းစစ်ဌာနအောက် နည်းဗျူဟာ (၅) ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနှင့် ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ ရှိခဲ့သည်။ 

တိုင်းစစ်ဌာနအနေဖြင့် MOD စစ်ရုံးချုပ်နှင့် အမှတ်(၁) စစ်ဆင်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ ကွပ်ကဲမှုအောက်တွင် COC နှစ်ရပ်နှင့်အညီ ခိုင်မာတောင့်တင်းသော တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအဖြစ် စနစ်တကျ စုဖွဲ့လေ့ကျင့်လျှက်ရှိကြောင်း သိရသည်။ 

ပထမဆုံးအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များဖြစ်သော ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲ့များကို စနစ်တကျစုစည်း၍ တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်း ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် အမှတ် (၈၀၀၁) တပ်ရင်းနှင့် အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကိုလည်း ထပ်တိုး ဖွဲ့စည်းနိုင်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနမှသိရသည်။ 

- BAGAN NEWS 


Comments