Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဟုမ္မလင်း ပဲနုပ်ဆွပ်ရွာကို စစ်တပ်ဗုံးကြဲ ပြည်သူ ၇ ဦးသေဆုံး

 စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပဲနုပ်ဆွပ်ရွာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ညနေ ၃ နာရီခန့်မှာ စစ်တပ် ဂျိုင်ရိုကော်ပတာ(Gyrocopter)က လေကြောင်းက  ဗုံးကြဲခဲ့တာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံမှသိရပါတယ်။

Photo - Tarlin Mg / FB

ပဲနုပ်ဆွပ်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၂ စီး ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရသူတွေပါပြီး ဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မှာ ဟုမ္မလင်းမြို့ကို စစ်ခေါင်းဆောင် လာရောက်ခဲ့ပြီး မြို့တော်ခန်းမမှာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ 

အဲ့ဒီနောက်မှာ စစ်တပ်က ခုလို လေကြောင်းက  ဗုံးကြဲတာတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

- Bagan News 




Comments