KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့
လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။
၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ၊ရေးရာကော်မတီ၊ဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ၊အမျိုသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ တော်လှန်ရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အစီအစဉ် (၉) ရပ်နှင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အက္ကနက်စ် က ဖတ်ကြားကြေညာခဲ့သည်။
ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြောင်း NUG ကထုတ်ပြန်သည်။
"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် ၊ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့် အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ကြောင်း အသိပေးထားသည်။
"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” သည် နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားကြောင်း၊၎င်းတို့မှာ
(၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်
(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်
(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်
(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်ဖြစ်ကြောင်းထုတ်ပြန်သည်။
"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ကြောင်းသိရသည်။
နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်းထုတ်ပြန်သည်။
ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ကကြေညာသည်။

Comments
Post a Comment