Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

NUG နှင့် မကွေးဖက်ဒရယ်ယူနစ်တို့ ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့မည်

 မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဧပြီလ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတာဝန်ရှိသူတို့က Online မှ တဆင့် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲအရ မကွေးဖက်ဒရယ်ယူနစ်နှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲစည်းသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်သည်။

၎င်းအဖွဲ့မှနေ၍ မကွေးတိုင်းရှိ ရေနံမြေ၊ ရေနံလုပ်ငန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်သွားကြမည်ဖြစ်သည်။ 

ထို့အပြင် မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေးအဖွဲအစည်းများ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း NUG ကထုတ်ပြန်သည်။ 

Bagan News

Comments