၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်တဲ့ နှင်းဆီလှုပ်ရှားမှုကိုဇွန်လ (၁၉) ရက်နေ့မှာပြုလုပ်မယ်လို့ စီစဉ်သူတွေကပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။
စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြဖို့ဖြစ်တယ်လို့စီစဉ်သူတွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ ၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်ဖို့နဲ့ ဦးဝင်းမြင့်ဟာ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်တယ်စတာတွေကိုတောင်းဆိုဖို့လည်း တိုက်တွန်းထားပါတယ်။
ဇွန်လ (၁၉) ရက်နေ့မှာ နှင်းဆီပန်းနဲ့ ရနိုင်တဲ့ပန်းတွေကို ဘုရားတင်တာ ၊ ပန်ဆင်တာ ၊ အပြန်အလှန် ဝေငှခြင်းတွေ ပြုလုပ်ဖို့လည်း နှိုးဆော်ထားပါတယ်။
မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာတင်ပြီး အွန်လိုင်းကနေပါဝင်နိုင်တယ်လို့လည်း စီစဉ်သူတွေကပြောပါတယ်။
မြေပြင်လှုပ်ရှားမှုအနေနဲ့ သပိတ်တွေမှာ နှင်းဆီပန်းတွေကိုင်ဆောင်ပြီးပါဝင်နိုင်တယ်လို့ဆိုပါတယ်။

Comments
Post a Comment