ထိုင်းနိုင်ငံသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်လည်ပတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားအချို့က ယနေ့(ဩဂုတ် ၆)တွင် စုဝေးဆန္ဒပြခဲ့ကြသည်။
| Photo - Thai PBS World |
မြန်မာနိုင်ငံသားအချို့ပါဝင်သည့် Bright Future အဖွဲ့က ထိုင်းအစိုးရအနေဖြင့် မြန်မာစစ်အစိုးရအား အသိအမှတ်ပြုမှု ရပ်တန့်ရန်နှင့် CI စာရွက်စာတမ်း အသုံးပြုမှု ဖျက်သိမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
Bright Future အဖွဲ့က မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေး ထူထောင်မှုကို ရပ်တန့်ရန်၊ မင်းအောင်လှိုင်နှင့် အဖွဲ့အား ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုဆိုခြင်းနှင့် တရားဝင်မှု အသိအမှတ်ပြုခြင်းတို့ ရပ်တန့်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အသုံးပြုမှုကို ဖျက်သိမ်းပြီး မြန်မာသံရုံး၏ အသိအမှတ်ပြုချက် ရယူရန်မလိုဘဲ အလုပ်လုပ်ခွင့် ပေးရန် (သို့မဟုတ်) ပန်းရောင်ကတ် တစ်ကတ်တည်းဖြင့် အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့် အခွင့်အရေးများကို ထိုင်းအစိုးရက အသိအမှတ်ပြုပေးရန်စသည့်အချက်များကိုတောင်းဆိုခဲ့သည်။
မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ ယနေ့နံနက်တွင် ဘန်ကောက်မြို့သို့ရောက်ရှိခဲ့သည်။ ၎င်းသည်ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၆ ရက် ၊ ၇ ရက် နှစ်ရာတာခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်သည်။
Solidarity Collective TH နှင့် Spirit in Education Movement (SEM) တို့က ဦးဆောင်သည့် ထိုင်းအရပ်ဘက် ၁၆ ဖွဲ့ကလည်း ထိုင်းအစိုးရသည် မြန်မာစစ်ဘက် ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်မည် မဟုတ်ဘဲ နိုင်ငံအတွင်းရှိ ပဋိပက္ခများကိုသာ ပိုမိုရှည်ကြာစေမည်ဟု ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
မြန်မာစစ်ဘက် အာဏာပိုင်များကို အကျိုးပြုနေသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ရန်၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အကာအကွယ်ပေးမှုများကို မြှင့်တင်ရန်၊ စစ်တပ်က ဦးဆောင်သော အစိုးရ၏ တရားဝင်မှုကို ငြင်းပယ်ရန်နှင့် အကြမ်းဖက်မှုများ ပြီးဆုံး၍ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ပြန်လည်ရရှိသည်အထိ အာဆီယံအဖွဲ့အတွင်းသို့ အပြည့်အဝ ပြန်လည်ပါဝင်လာရေးကို ကန့်ကွက်ရန် ထိုင်းအရပ်ဘက် ၁၆ ဖွဲ့က တောင်းဆိုခဲ့သည်။
Comments
Post a Comment