Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဝက်လက်မြို့နယ်က စစ်ရှောင် ၁ သောင်းခွဲကျော်အတွက် အရေးပေါ်အကူညီလို

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာ အောက်တိုဘာလကုန်က စပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂ဝ ကျော်က ဒေသခံ ၁ သောင်းခွဲကျော် စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကထုတ်ပြန်ပါတယ်။ 

"အဓိကအနေဖြင့် ဆန်နဲ့ဆီ  အဓိကလိုအပ်ချက်ဖြစ်နေပါတယ်"လို့ ကော်မတီကပြောပါတယ်။ 

စစ်ဘေးရှောင်ပြည်သူတွေကို အကူညီများပေးလိုပါက ချိတ်ဆက်လုပ်ဆောင်နိုင်တယ်လို့ ကော်မတီကအသိပေးထားပါတယ်။ 

ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ 
ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ  မနေ့ကထုံးဘိုရွာကို ရောက်ရှိနေပြီး နေအိမ်တွေကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Informational Network ကထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က ဝက်လက်မြို့နယ်မှာ  ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၇ ယောက်သေဆုံးခဲ့တယ်လို့ People's Servant Revolution - Wetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကြောင်းတွေထိုးနေတာကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် သတိပေးညွန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

- BAGAN NEWS 




Comments