Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မူဆယ်မြို့တွင် တလအတွင်း ပိုင်ရှင်မဲ့ အလောင်း ၁ဝ လောင်းတွေ့ရှိ

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် နိုဝင်ဘာလ (၁)လအတွင်း၌ ပိုင်ရှင်မဲ့ ရုပ်အလောင်း (၁ဝ)လောင်းတွေ့ရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

အဆိုပါ ရုပ်အလောင်းများအား မူဆယ်မြို့အတွင်းရှိ ရပ်ကွက်များအတွင်း တွင်တွေ့ရှိခဲ့ပြီး ရုပ်အလောင်း တလောင်းအား တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ 


ပိုင်ရှင်မဲ့ ရုပ်အလောင်းများသည် မူးယစ်ဆေးဝါးသုံးစွဲသူ အများစုဖြစ်ပြီး အချို့သည် သတ်ဖြတ်ထားခံရသည့် ရုပ်အလောင်းများဖြစ်ကြောင်း TNLA မှထုတ်ပြန်သည်။ 

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့ရုပ်အလောင်း(၇) လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့သည် စစ်ကောင်စီထိန်းချုပ်နေသည့် မြို့တမြို့ဖြစ်ပြီး လောင်းကစား၊မူးယစ်သုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနှင့် လုယက်မှုများ ယခင်ထက် ပိုမိုများပြားလာကြောင်း သိရသည်။

Bagan News 

Comments